10/10/2025
🟪 ပန်းရောင်ကတ်အတွက် ငွေသွင်းပြီးပါက ငွေချေဖြတ်ပိုင်းကို ယာယီအလုပ်လုပ်ခွင့် လက်မှတ်အဖြစ် အသုံးပြုနိုင်မည်
__________________
ထိုင်းအလုပ်သမားဝန်ကြီးဌာနက တရားဝင်အခြေအနေမရှိသေးတဲ့ အိမ်နီးချင်းလေးနိုင်ငံက အလုပ်သမားတွေကို မှတ်ပုံတင်ပေးမယ့် အထူးစီမံကိန်းကို ကြေညာထားပါတယ်။ အောက်တိုဘာလ ၁၅ ရက်နေ့က စတင်ပြီး ၂၉ရက်နေ့ထိ ၁၅ ရက်သာ အွန်လိုင်းကနေ မှတ်ပုံတင်ခွင့်ပြုမှာပါ။
အလုပ်သမားတွေအနေနဲ့ ဘတ်ရိုက်တဲ့ လုပ်ငန်းစဉ်အားလုံး ပြီးဆုံးဖို့ စောင့်စရာမလိုဘဲ မှတ်ပုံတင်ကြေး ပေးဆောင်ထားတဲ့ ငွေချေဖြတ်ပိုင်းကို ယာယီအလုပ်လုပ်ခွင့်လက်မှတ်အဖြစ် အသုံးပြုနိုင်မယ်လို့ ဝန်ကြီးကပြောကြောင်း ထိုင်းသတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။ ဒါပေမယ့် အခြားလိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးတာ၊ ဗီဇာလျှောက်တာ စတဲ့ လုပ်ငန်းစဉ်အားလုံးကိုတော့ ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက် မတိုင်မီ အပြီးသတ် ဆောင်ရွက်ရမှာပါ။ ဒီအစီအစဉ်ဟာ အလုပ်သမားရှားပါးမှုကို ဖြေရှင်းဖို့နဲ့ တရားမဝင်လုပ်သားတွေကို စနစ်တကျ စီမံခန့်ခွဲဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
ဘတ်ရိုက်ပေးတဲ့ ဒီလုပ်ငန်းစဉ်မှာ အလုပ်သမား ၅ သိန်းကနေ ၇ သိန်းခန့် စနစ်အတွင်း ဝင်ရောက်လာမယ်လို့လည်း ဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။ မှတ်ပုံတင်တဲ့ အလုပ်သမားတွေဟာ ထိုင်းနိုင်ငံမှာ ၁ နှစ်တာ တရားဝင် နေထိုင်အလုပ်လုပ်ခွင့် ရရှိမှာဖြစ်ပါတယ်။ မှတ်ပုံတင်ကြေးနဲ့ အလုပ်လုပ်ခွင့်လက်မှတ်အတွက် ကျန်းမာရေးအာမခံ ရွေးချယ်မှုပေါ် မူတည်ပြီး စုစုပေါင်း ဘတ် ၂,၉၀၀ မှ ၃,၈၀၀ ကြား ကျသင့်မှာဖြစ်ပြီး ထပ်ဆောင်းကုန်ကျစရိတ်မရှိဘူးလို့ အလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
#ဘီကွန်မြန်မာ #အလုပ်သမားရေးရာ #ပန်းရောင်ကတ် #ထိုင်း