08/09/2022
Banyu-aigo (万有愛護)သည် “သဘာဝအတိုင်းဖြစ်တည်နေသောအရာအားလုံးကို ချစ်မြတ်နိုးပါ” ဟု အနီးစပ်ဆုံးအဓိပ္ပယ်ရပြီး ဆရာကြီး အုအဲရှိဘ မိုရိအဲက Aikido ပညာရပ်ကို စတင်တည်ထောင်ခဲ့တဲ့အချိန်မှာ အခြေပြုခဲ့တဲ့ အတွေးအခေါ်ဖြစ်ပါတယ်။ Aikido သည် မိမိကို တိုက်ခိုက်လာသူကို တန်ပြန်ရန်လိုမှုမပြုပဲ ရှောင်လွှဲ၍ မိမိကိုယ်ကိုကာကွယ်သည့် ကိုယ်လုံပညာရပ်တစ်ခုဖြစ်သည်။ သဘာဝတရားကို တန်ပြန်ခုခံခြင်းမရှိပဲ ၎င်းနှင့် သဟဇာတဖြစ်အောင် အလိုက်သင့်ပေါင်းစည်းစီးမြောခြင်းဖြင့် မိမိကိုယ်ကို အောင်နိုင်ခြင်း၊ မိမိစိတ်နှလုံးကို ပတ်ဝန်းကျင်နှင့် အပြန်အလှန် ဟန်ချက်ကို ဖွေရှာထိန်းညှိရသော အနုပညာဖြစ်ပြီး ဂျပန်၏ လေးနက်သော ဒဿနအတွေးအခေါ်များနှင့် လူနေမှုဘဝပုံစံကို ထင်ဟပ်သိမြင်နိုင်သော ဂျပန်ရိုးရာ Budo တစ်ရပ်လည်းဖြစ်သည်။
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်သည် မြန်မာမှ ဂျပန်ကိုယ်ခံပညာယဥ်ကျေးမှုကို စိတ်ပါဝင်စားလာမှုနှင့်အတူ ယခုတစ်ခေါက်တွင် Aikido နှင့် ဂျပန် budo ယဉ်ကျေးမှုကို စိတ်ပါဝင်စားသူများ ကိုယ်တိုင်တွေ့မြင်ပါဝင်နိုင်မည့် Aikido demonstration နှင့် workshop ကို ပြုလုပ်သွားမည်ဖြစ်ပါသည်။ sensei ခင်မောင်အေး (ဥက္ကလာ အိုက်ကီဒို ဒိုဂျို)မှ ဉီးဆောင်ပြီး အိုက်ကီဒိုပညာရပ်တွင် ပါဝင်သည့် technique များ၊ waza များကို သရုပ်ပြသသွားမည်ဖြစ်ပါသည်။ ထို့နောက် ပါဝင်သူများက ကိုယ်တိုင်လေ့လာနိုင်မည့် workshop အစီအစဉ်ကို ပြုလုပ်သွားမည်ဖြစ်သည်။
Budo ခေါ် ဂျပန် ကိုယ်ခံပညာရပ်များသည် ရုပ်နှင့်စိတ် ဂုဏ်သတ္တိနှစ်ခုလုံး ကောင်းမွန်သန်စွမ်းတိုးတက်လာစေရန် ရည်ရွယ်လေ့ကျင့်သင်ကြားသော ပညာရပ်များဖြစ်သည်။ Aikido မှတစ်ဆင့် ဂျပန်ယဉ်ကျေးမှုကိုလေ့လာမြည်းစမ်းရန်အတွက် ဤအစီအစဉ်တွင် ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
အစီအစဉ်အသေးစိတ်
■ နေ့ရက် : ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁ဝ ရက်နေ့ (စနေနေ့)
■ အချိန် : မြန်မာစံတော်ချိန် နေ့လည် ၂ နာရီ ( ၁ နာရီ ၄၅ မိနစ် အရောက် လာပေးပါရန်)
■ နေရာ : ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ အမှတ် (၇ဝ)၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်
လူဉီးရေကန့်သတ်ထားသည့်အတွက် အစီအစဉ်တွင်ပါဝင်ရန် အောက်ပါလင့်ခ်တွင် ကြိုတင်စာရင်းပေးဖို့လိုပါသည်။
Workshop တွင် ပါဝင်ရန်အတွက် အင်္ကျီနှင့် ပေါ့ပေါ့ပါးပါး ဘောင်းဘီဝတ်လာရန် အကြံပြုပါသည်။
■ စာရင်းပေးရန် : https://forms.gle/5fVuBHHahVDmjN3q8
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်သည် ဂျပန်ဘာသာစကားသင်ယူနေသူများ ယဉ်ကျေးမှုနှင့်အနုပညာများကို ထဲထဲဝင်ဝင် သိရှိလာစေရန် Do Talk စကားဝိုင်းအစီအစဉ်တွင်လည်း Aikido အကြောင်းကို အွန်လိုင်းမှ မိတ်ဆက်ပေးခဲ့ပါသည်။ အောက်ပါလင့်ခ်တွင် ဝင်ရောက်ပြီး Aikido အကြောင်းကို ကြိုတင်လေ့လာထားနိုင်ပါသည်။
https://www.youtube.com/watch?v=tRtDAy-oSa4
နည်းပြချုပ်၏ ကိုယ်ရေးအကျဉ်း
ဦးခင်မောင်အေး၊ ၁၉၆၄ ခုနှစ်တွင် ကချင်ပြည်နယ်၌ မွေးဖွားခဲ့သည်။ ငယ်စဉ်ကတည်းက အားကစားပေါင်းစုံတွင် တက်ကြွစွာ ပါဝင်ကစားခဲ့ပြီး အထူးသဖြင့် ကိုယ်ခံပညာကို စိတ်ဝင်စားခဲ့သည်။ မြစ်ကြီးနားတက္ကသိုလ်တွင် ပညာသင်ကြားနေစဉ် ကရာတေးပညာရပ်ကို စတင်လေ့ကျင့်သင်ယူခဲ့ပြီး ၁၉၉ဝ ခုနှစ်တွင် ခါးပတ်နက်ကို ရရှိခဲ့သည်။ ဂျပန်နိုင်ငံတွင် ၁၉၉၃ ခုနှစ်မှစ၍ ခြောက်နှစ်ကြာနေထိုင်ခဲ့ပြီး ဂျပန်တွင် အိုက်ကီဒို ပညာကို စတင်ထိတွေခွင့် ရရှိခဲ့ပြီး ဂျပန်မှပြန်လာပြီးနောက် ဂျပန်လူမျိုး အိုက်ကီဒို နည်းပြဆရာ၏ နည်းပြလမ်းညွှန်သင်ကြားမှုဖြင့် ရန်ကုန်အင်တာနေရှင်နယ်ဟော်တယ်တွင် အိုက်ကီဒိုကို စတင်လေ့ကျင့်ခဲ့သည်။
၂ဝ၁၅ ခုနှစ်နှင့် ၂ဝ၁၇ ခုနှစ်တွင် တိုကျို၌ ကျင်းပပြုလုပ်ခဲ့သော ဂျပန်နိုင်ငံလုံးဆိုင်ရာ အိုက်ကီဒိုသရုပ်ပြပွဲကြီးတွင် ပါဝင်ခဲ့သည်။ ၂ဝ၂၂ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ အိုက်ကီဒို အဖွဲ့ချုပ်မှ အသိအမှတ်ပြုသော စတုတ္တအဆင့် (4th Dan) ကိုအောင်မြင်ထားပြီး လက်ရှိတွင် ဆရာဦးခင်မောင်အေးသည် "ဥက္ကလာ"အိုက်ကီဒို ဒိုဂျိုတွင် ခေါင်းဆောင်နည်းပြအဖြစ် တာဝန်ယူကာ အိုက်ကီဒို ကိုယ်ခံပညာကို သင်ကြားပေးလျက်ရှိသည်။