02/10/2026
ဘိုးဘပိုင်မြေ ဝယ်ရင် ပါဝင်ရမယ့် စာရွက်စာတမ်းများနဲ့ သိထားသင့်သည့်အရာများ
ဘိုးဘပိုင်မြေ (ဘိုးဘွားပိုင်မြေ) ဟာ ဂရန်မြေတွေလို သက်တမ်းတိုးစရာမလိုဘဲ ထာဝရပိုင်ဆိုင်ခွင့်ရှိတာကြောင့် လူကြိုက်များပေမဲ့ ဝယ်ယူတဲ့အခါ နောင်တမရစေဖို့ ဒီအချက်တွေကို သေချာကြည့်ကြဖို့ လိုပါတယ်။
၁။ မြေပုံနှင့် မြေရာဇဝင် (ပုံစံ ၁၀၅/၁၀၆)
ဒါဟာ မြေကွက်တကွက်ရဲ့ မှတ်ပုံတင်လို့ ပြောလို့ရပါတယ်။ သက်ဆိုင်ရာ မြေစာရင်းရုံး သို့မဟုတ် စည်ပင်မြေယာဌာနက ထုတ်ပေးထားတဲ့ အသစ်စက်စက် (လွန်ခဲ့သော ၆ လအတွင်း) ပုံစံ ၁၀၅ ဖြစ်ရပါမယ်။
မြေအမျိုးအစားနေရာမှာ ဘိုးဘပိုင် (ဘိုးဘွားပိုင်) လို့ အတိအကျ ရေးထားရဲ့လား၊ မြေဧရိယာ အကျယ်အဝန်းက လက်ရှိခြံစည်းရိုးခတ်ထားတာနဲ့ ကိုက်ညီရဲ့လားဆိုတာကို အဓိကစစ်ဆေးရမှာပါ။
၂။ မူလဘိုးဘွားအမည်ပေါက် ပိုင်ဆိုင်မှုအထောက်အထား
ဘိုးဘွားပိုင်မြေတွေမှာ ဂရန်စာအုပ်လိုမျိုး တအုပ်တည်းရှိနေတာမျိုး မဟုတ်ဘဲ အစိုးရက ရှေးယခင်ကတည်းက ထုတ်ပေးထားတဲ့ ဘိုးဘွားပိုင်မြေအဖြစ် အသိအမှတ်ပြုလွှာ (သို့မဟုတ်) အခွန်ပြေစာ အဟောင်းအစုံအလင် ရှိနေရပါမယ်။
မူလအမည်ပေါက်သူဟာ အခုရောင်းမယ့်သူနဲ့ ဘယ်လိုတော်စပ်သလဲ၊ အမည်ပေါက်သူကိုယ်တိုင် ရောင်းတာလား၊ အမွေစားအမွေခံတွေက ရောင်းတာလားဆိုတာကို သေချာခွဲခြားရပါမယ်။
၃။ အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာလွှာနှင့် ကျမ်းကျိန်လွှာ
ဘိုးဘွားပိုင်မြေ အများစုဟာ မူလအမည်ပေါက်သူ ကွယ်လွန်သွားပြီးမှ အမွေဆက်ခံသူတွေက ပြန်ရောင်းကြတာပါ။ ဒါကြောင့် ရောင်းသူဟာ အမှန်တကယ် အမွေရရှိထားသူဖြစ်ကြောင်း တရားရုံးကျမ်းကျိန်လွှာနဲ့ အမွေဆက်ခံကြောင်း စာချုပ်စာတမ်းတွေ ရှိရပါမယ်။
မောင်နှမ ဘယ်နှစ်ယောက်ရှိသလဲ၊ အကုန်လုံးက ရောင်းဖို့ သဘောတူရဲ့လားဆိုတာကို စစ်ဆေးရပါမယ်။ အမွေဆိုင်တယောက်ယောက် ကျန်ခဲ့ရင် နောင်တချိန်မှာ တရားစွဲဆိုတာမျိုး ကြုံရနိုင်ပါတယ်။
၄။ အရောင်းအဝယ် အဆက်အစပ် စာချုပ်မူရင်းများ
အကယ်၍ မြေကို မူလအမည်ပေါက်သူဆီက တိုက်ရိုက်ဝယ်တာမဟုတ်ဘဲ အဆင့်ဆင့် ဝယ်ယူထားတာဆိုရင် မူလအမည်ပေါက်သူကနေ ပထမဝယ်သူ၊ ဒုတိယဝယ်သူ စသဖြင့် လက်ရှိရောင်းသူအထိ စာချုပ်အဆက်အစပ်တွေ မှန်ကန်နေရပါမယ်။
စာချုပ်တွေမှာ သက်သေလက်မှတ်တွေ ပါရဲ့လား၊ မှတ်ပုံတင်ရုံးမှာ တရားဝင်ချုပ်ဆိုထားတဲ့ (BPI) စာချုပ်တွေလားဆိုတာ စစ်ဆေးရမှာဖြစ်သလို၊ ကြားထဲမှာ စာချုပ်တခုခု ပျောက်ဆုံးနေရင် ပိုင်ဆိုင်မှု ပြတ်တောက်သွားနိုင်ပါတယ်။
၅။ သတင်းစာကန့်ကွက်ရန်ရှိ၊ မရှိ ကြော်ငြာ
ဘိုးဘွားပိုင်မြေဟာ အရှုပ်အရှင်းရှိနိုင်ခြေ များတဲ့အတွက် မဝယ်ခင်မှာ နိုင်ငံပိုင်သတင်းစာမှာ ကန့်ကွက်ရန်ရှိ၊ မရှိ ကြော်ငြာထည့်သွင်းရပါမယ်။ သတ်မှတ်ရက်အတွင်း ကန့်ကွက်သူ ရှိ၊ မရှိ စောင့်ကြည့်ရပါမယ်။ ဒါဟာ ဥပဒေကြောင်းအရ မိမိဘက်က ပိုင်ဆိုင်မှုအတွက် အကာအကွယ်ယူလိုက်တာ ဖြစ်ပါတယ်။
ဘိုးဘွားပိုင်မြေကို ဝယ်ယူတဲ့အခါ စာရွက်စာတမ်းတွေ ဘယ်လောက်စုံစုံ ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးဖို့ လည်း မမေ့ပါနဲ့။ ပတ်ဝန်းကျင်က အိမ်နီးနားချင်းတွေကို ဒီမြေက ဘယ်သူ့မြေလဲ၊ အမွေဆိုင် ပြဿနာရှိလား ဆိုတာကို မသိမသာ စုံစမ်းကြည့်ခြင်းက စာရွက်စာတမ်းတွေထက် ပိုမိုမှန်ကန်တဲ့ သတင်းစကားကို ပေးနိုင်ပါတယ် ခင်ဗျာ။
မူရင်းရေးသားသူကို
ပေးပါတယ်။