22/10/2026
မိုးစပါးအသစ်စျေးနူန်းတွေ ဆက်တိုက်မြင့်တက်လာပြီး စပါးတင်း ၁၀၀ ကို ကျပ်သိန်း ၂၀ အထက်ထိ ရောက်ရှိလာ
***********************************************************
ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းမှာ မိုးစပါးအသစ်စျေးနူန်းတွေ ဆက်တိုက်မြင့်တက်လာပြီး စပါးတင်း ၁၀၀ ကို သိန်း ၂၀ ကျပ်အထက်ထိ ရောက်ရှိလာတယ်လို့ ဒေသခံ တောင်သူလယ်သမားတွေက ပြောပါတယ်။
မိုးစပါးစျေးဟာ အောက်တိုဘာလ ပထမပတ်လောက်အထိ တင်း ၁၀၀ ကို အမြင့်ဆုံး ၁,၈၇၀,၀၀၀ ကျပ် ဝန်းကျင်သာရှိခဲ့ရာကနေ လက်ရှိမှာတော့ စပါးအမျိုးအစားအလိုက် တင်း ၁၀၀ ကို အနိမ့်ဆုံး ကျပ်သိန်း ၂၀ ကျော်အထိ စျေးပေါက်လာတာ ဖြစ်ပါတယ်။
လက်ရှိ ဧရာဝတီတိုင်းမှာ ဆင်းသုခမိုးစပါးနဲ့ ရက် ၉၀ စပါးစျေးက အစို၊ အခြောက် အပေါ်မူတည်ပြီး တင်း ၁၀၀ ကို ၂၁ သိန်းမှ ၂၃ သိန်းကျပ်အထိ စျေးပေါက်နေတယ်လို့ ဆိုပါတယ်။
ပဲခူးတိုင်းဘက်မှာတော့ မှော်ဘီ၊ ဆင်းသုခ၊ ငွေတိုးရင် စတဲ့ စပါးတွေရိတ်သိမ်းနေကြပြီး၊ ရိတ်ချွေစက်ကျစျေးနူန်းက ကျပ်သိန်း ၂၀ နဲ့အထက် စျေးပေါက်နေသလို၊ ဝယ်လိုအားလည်း ကောင်းနေတယ်လို့ လယ်သမားတွေက ပြောပါတယ်။
" စပါးကတော့ တနေ့ထက်တနေ့ ပိုတက်လာနေတယ်။ ပြီးခဲ့တဲ့ ၃ ရက်လောက ၁၉ သိန်းခွဲကနေ အခု သိန်း ၂၀ ကျော်သွားပြီ။ စျေးကောင်းတော့ ရိတ်လို့ကတဲ့ အခင်းတွေက အပြိုင်ပဲ ရိတ်နေကြပြီ။ ဒီစျေး တန်းလောက်ဆိုတော့ တောင်သူတွေ အဆင်ပြေတယ်။ စပါးအထွက်လျော့ရင်တောင် အမြတ်ကျန်တာ ပေါ့။ စပါးစျေးလေး တက်လာပြီဆိုရင် ဆွဲချချင်တဲ့ သူတွေကလည်းရှိတယ်။ ဒါပေမယ့်ဒီနှစ်ကတော့ ဆန်တင်ပို့မှုရော ပြည်ပဝယ်လိုအားရော ကောင်းနေတော့ စျေးကထပ်တက်မယ်လို့တောင် ပွဲစားတွေ ကပြောတယ်။ စပါးထိန်းပြီး ရိတ်ကြဖို့ပြောတယ်။ ဒါပေမယ့်လည်း တောင်သူကတော့ လက်ရှိ ဖြစ်နေတဲ့ စျေးတန်းလဲကြိုက်တော့ ရိတ်နေကြတာပဲ။ မနှစ်က အရှုံးက ဒီနှစ်အမြတ်နဲ့ ဖြေလို့မရသေးပါ ဘူး။ " လို့ ပြည်မြို့နယ်၊ ကံကြီးကုန်းရွာက လယ်သမား ဦးဝင်းနိုင်က ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ မိုးစပါးအသစ်စျေးက တင်း ၁၀၀ ကို ၁၇ သိန်းမှ ၁၈ သိန်းကျပ် ကြားမှာသာ ပေါက်စျေးရှိခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ မိုးစပါး အသစ်စျေးကွက် ဆက်တိုက်မြင့်တက်လာနေတဲ့အပြင် ဝယ်လိုအားလည်း ကောင်းလာသလို၊ စျေးတက်လာတဲ့အတွက် လက်ရှိစပါး ရိတ်သိမ်းနေကြတဲ့ တောင်သူအများစုက လည်း စပါးကို သိုလှောင်မှု မပြုလုပ်တော့ဘဲ ထွက်သမျှစပါးကို ရောင်းချမှုတွေ ရှိနေတယ်လို့ သိရပါ တယ်။
" စျေးက ထပ်တက်မယ့်သဘော ရှိတယ်ဆိုပေမယ့်လည်း အခုဖြစ်နေတဲ့ စျေးတွေက ရောင်းသင့်တဲ့ စျေးဖြစ်နေတော့ ရောင်းနေကြတာပဲ၊ လူနည်းစုလောက်ကတော့ ဆန်ကြိတ်ခွဲရောင်းဖို့ လုပ်ကြတယ်။ အခုက မိုးကလည်း ရွာချင်ရင် ချက်ခြင်းရွာတာဆိုတော့ နေလှန်းချိန်မရှိကြဘူး။ လှောင်စရာကလည်း နေရာအခက်အခဲ ရှိကြတယ်။ စပါးက အစိုက်များရင် စျေးတန်းနည်းတယ်။ အစိုက်နည်းတဲ့ စပါးက စျေးအမြင့်ဆုံးရတယ်။ အဲဒါကို တောင်သူတွေ သိဖို့လိုတယ်။ " စျေးကောင်းပြီး အထွက်နူန်းကောင်း တာကို ရွေးချယ်စိုက်ဖို့လိုတယ်။ " လို့ ရန်ကုန်မြို့အခြေစိုက် ဆန်၊ စပါး ရောင်းဝယ်သိုလှောင်ရေး လုပ် ကိုင်နေသူ ကုန်သည်တစ်ဦးက ပြောပါတယ်။
အခုနှစ် မိုးစပါးရာသီမှာ တစ်ဧကစိုက်ပျိုးမှုနဲ့ ရိတ်သိမ်းခြွေစက်၊ စပါးပုံးတိုက်တဲ့ကားခ အပါ အဝင် ၈ သိန်းကျပ်လောက် ကုန်ကျမှုရှိပြီး၊ လက်ရှိ ရိတ်သိမ်းနေတဲ့ စပါးခင်းတွေကတော့ တစ်ဧကကို ၆၅ တင်းမှ တင်း ၁၀၀ ကြား ထွက်ရှိတယ်လို့ သိရပါတယ်။
လက်ရှိမှာ မိုးစပါးကို သက်လတ်စပါးနဲ့ ရာသီစပါးတွေ ရိတ်သိမ်းနေကြပြီး၊ သီတင်းကျွတ်လပြည့် ကျော် ချိန်ကာလမှာ အခုထက်ပိုပြီး စပါးလှိုင်လှိုင် ရိတ်သိမ်းကြမှာဖြစ်လို့ စျေးကွက်ထဲကိုလည်း စပါးဝင် ရောက်မှု များလာနိုင်တယ်လို့ ဆန်၊ စပါးကုန်သည်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မိုးစပါးထွက်ရှိချိန်ကာလက အခြေခံရည်ညွှန်းစပါးဈေးနှုန်း ၄၆ ပေါင်ရှိ တင်း ၁၀၀ ကို ၁,၁၅၀,၀၀၀ ကျပ်သတ်မှတ်ခဲ့ပေမယ့်၊ မြေပြင်မှာ စပါးတင်း ၁၀၀ ကို ၈၅၀,၀၀၀ ကျပ်အထိ စျေး ကျဆင်းခဲ့တာကြောင့် တောင်သူတွေ အရှုံး ကြီးခဲ့ပါတယ်။
အခုလို စပါးစျေးမြင့်တက်နေချိန်မှာ ၂၀၂၆ ခုနှစ် မိုးစပါးနဲ့ ၂၀၂၇ ခုနှစ် နွေစပါးအတွက် အခြေခံရည် ညွှန်းစပါးဈေးနှုန်းအဖြစ် စပါး တင်း ၁၀၀ ကို ၁,၃၅၀,ဝဝဝ ကျပ် သတ်မှတ်လိုက်တယ်လို့ တောင်သူ လယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး၊ ဦးဆောင်အဖွဲ့က အောက်တိုဘာ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အခုထုတ်ပြန်လာတဲ့ အခြေခံရည်ညွှန်းစပါးဈေးနှုန်းဟာ လက်ရှိ ဖြစ်နေတဲ့ စပါးစျေးကွက်နဲ့ ယှဥ်ပါက ၇၀၀,၀၀၀ ကျပ်နီးပါး လျော့နည်းနေတဲ့အပေါ် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
အခြေခံရည်ညွှန်း စပါးဈေးနှုန်းဆိုတာဟာ အနိမ့်ဆုံး ဝယ်ယူရမယ့် စျေးနူန်းသာဖြစ်ပြီး၊ လက်ရှိ စျေး ကွက်ပေါက်စျေးက ရည်ညွှန်းစျေးထက် မြင့်နေပါက စျေးကွက်ပေါက်စျေးအတိုင်း အ ရောင်းအဝယ် ပြုလုပ်ရမှာ ဖြစ်တယ်လို့ ဆန်ကုန်သည်တစ်ဦးက ပြောဆိုထားပါတယ်။
Source; The Farmer Times၊ အောက်တိုဘာလ ၂၂ ရက်၊ ၂၀၂၆။