12/08/2026
ဂျပန်မှာ အလုပ်လုပ်နေသူတိုင်း ကျန်းမာရေးအာမခံ (健康保険) ရှိကြပြီး၊ ရုတ်တရက် အရေးပေါ် ဆေးရုံတက်ရသည်ဖြစ်စေ၊ ခွဲစိတ်ရသည်ဖြစ်စေ အာမခံကဒ်ကို အမြဲတမ်း ပုံမှန်အတိုင်း သုံးခွင့်ရှိပါတယ်..အာမခံကဒ်ပြလိုက်ပါက ဆေးဖိုး၏ ၃၀% ကိုပဲ ပေးချေရမယ်ဆိုပေမဲ့ ရောဂါကြီးကြီးမားမားကြောင့် ဆေးဖိုး ၃၀% ပမာဏက ယန်း ၁၀ သောင်း၊ ၂၀ သောင်းကျော် အထိ အဆမတန် များသွားတဲ့အခါမျိုးမှာ ဂျပန်အစိုးရရဲ့ 「高額療養費制度 (Kogaku Ryohohi Seido)」 စနစ်က မိမိစိုက်ထုတ်လိုက်ရသည့် ဆေးဖိုးများကို ပြန်လည် ထောက်ပံ့ပေးပါတယ်..
❶ 高額療養費制度 ဆိုတာ ဘာလဲ?
တစ်လတာအတွင်း (၁ ရက်နေ့မှ လကုန်ရက်အထိ) ဆေးဖိုးသည် မိမိဝင်ငွေအပေါ် မူတည်၍ သတ်မှတ်ထားသော "အများဆုံး ကျခံရမည့် ပမာဏ (上限額 - Jogangaku)" ထက် ကျော်လွန်သွားပါက၊ ကျော်လွန်သွားသည့် ပမာဏကို အာမခံရုံးမှ ပြန်လည်ထုတ်ပေးသည့် စနစ် ဖြစ်ပါတယ်။
ဥပမာ -မိမိ ဝင်ငွေအရ အများဆုံး ပေးရမည့် သတ်မှတ်ပမာဏ = ယန်း ၈ သောင်း ဖြစ်သည် ဆိုပါစို့။ဆေးရုံတက်ပြီး အာမခံ ၃၀% တွက်ချက်လိုက်သော ဆေးဖိုးမှာ = ယန်း ၃၀ သောင်း ကျသင့်ခဲ့လျှင်...
သတ်မှတ်ပမာဏထက် ကျော်လွန်နေသော ယန်း ၂၂ သောင်းကို အာမခံရုံးမှ ပြန်လည်ကျခံပေးမှာဖြစ်ပါတယ်
❷ဆေးဖိုးရှင်းရာတွင် ပိုမိုအဆင်ပြေစေမည့် နည်းလမ်း (၂) မျိုး
အာမခံကဒ်ဖြင့် ဆေးရုံတက်ပြီးနောက် ပိုသွားတဲ့ပိုက်ဆံကို ပြန်လည်ရယူနိုင်တဲ့နည်းလမ်း (၂) မျိုး ရှိပါတယ်
A. ဆေးရုံဆင်းချိန်တွင် သတ်မှတ်ပမာဏ (ယန်း ၈ သောင်းခန့်) သာ တိုက်ရိုက် ပေးချေချင်ပါက
ဆေးရုံတက်နေစဉ်အတွင်း မိမိ၏ ကျန်းမာရေးအာမခံရုံး (သို့မဟုတ် ကုမ္ပဏီ) ထံတွင် 「限度額適用認定証 (Gendogaku Tekiyou Ninteisho)」 ဆိုသည့် စာရွက်ကို လျှောက်ထားပါ။ ဒီစာရွက်ကို ဆေးရုံမှာ ပြလိုက်ပါက ဆေးရုံဆင်းချိန်တွင် ယန်း ၃၀ သောင်း စိုက်ပေးစရာ မလိုဘဲ မိမိ ကျခံရမည့် သတ်မှတ်ပမာဏ (ယန်း ၈ သောင်း) ကိုပဲ တိုက်ရိုက် ပေးချေရမှာဖြစ်ပါတယ်..
B. အရေးပေါ်မို့ စာရွက်မလျှောက်နိုင်ဘဲ ၃၀% စရိတ် (ယန်း ၃၀ သောင်း) အပြည့် ပေးလိုက်ရပါက
ရုတ်တရက် အရေးပေါ် ဆေးရုံတက်လိုက်ရ၍ စာရွက်မလျှောက်နိုင်ဘဲ ဆေးရုံဆင်းချိန်တွင် ယန်း ၃၀ သောင်း အပြည့် စိုက်ပေးလိုက်ရပါကလည်း ပိုက်ဆံ ဆုံးရှုံးမသွားပါ။ဆေးရုံပြေစာ (Receipt) များကို သိမ်းဆည်းထားပြီး နောက်မှ အာမခံရုံးတွင် ပြန်လည်လျှောက်ထားပါက ကျော်လွန်သွားသည့် ပမာဏ (ယန်း ၂၂ သောင်း) ကို မိမိ၏ ဘဏ်အကောင့်ထဲသို့ ပြန်လည် ထည့်သွင်းပေးပါတယ်
❸သတိပြုရန် အချက်များ
1. အစားအသောက်စရိတ်နှင့် အခန်းခ သီးသန့် မပါဝင်ပါ
ဆေးရုံတက်စဉ် စားသောက်စရိတ်နှင့် သီးသန့် အခန်းယူခ (差額ベッド代) တို့ကတော့ ဒီစနစ်ထဲမှာ မပါဝင်ဘဲ မိမိကိုယ်တိုင် ပေးချေရမှာပါ
2. လအလိုက် တွက်ချက်ခြင်း ဖြစ်သည်
စနစ်သည် တစ်လချင်းစီ (ဥပမာ- ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်) အတွက်သာ တွက်ချက်ခြင်း ဖြစ်သည်။
❹အသေးစိတ်လေ့လာရန် Official Website များ
ဒီအချက်အလက်တွေက မှန်ကန်ကြောင်း သေချာစေဖို့နဲ့ ပိုပြီး အသေးစိတ် ဖတ်ရှုချင်တယ်ဆိုရင် အောက်ပါ ဂျပန်အစိုးရနဲ့ သက်ဆိုင်ရာ တရားဝင် Website တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်-
厚生労働省 (ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန):
https://www.mhlw.go.jp/stf/seisakunitsuite/bunya/kenkou_iryou/iryouhoken/juuyou/kougakuiryou/index.html
協会けんぽ (ဂျပန်ကျန်းမာရေးအာမခံအဖွဲ့ - ကုမ္ပဏီဝန်ထမ်းအများစု အသုံးပြုသည်):
https://www.kyoukaikenpo.or.jp/g3/sb3030/r150/
Design your own Career, RISE for Career